ကွန်ပျူတာစနစ်တစ်ခုလုံးကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်သော ကွန်ပျူတာသုံး မြန်မာစာပြု စနစ်တစ်ခုဖြစ်သည့် MyMyanmar Unicode System 2009 ကို အစိုးရရုံးအဖွဲ့အစည်းများ ၊ အစိုးရရုံးအဖွဲ့အစည်းများနှင့် ဆက်စပ်နေသော အသင်းအဖွဲ့များ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ကွန်ပျူတာကို ယခုမှ စတင်လေ့လာလိုသူများအနေဖြင့် စတင်ဝယ်ယူ အသုံးပြု နိုင်ပြီဖြစ်သည်။ အစိုးရရုံးအဖွဲ့အစည်းများတွင် e-government လုပ်ငန်းစဉ်များ အဆင်ပြေ ချော်မွေ့စေရေးအတွက် ယူနီကုတ်စံ သတ်မှတ်ချက်စနစ် ၅ ဒသမ ၁ကို လိုက်နာသည့် Myanmar 2 ဖောင့်ကို အသုံးပြုရန် သတ်မှတ်ထားရာ My Myanmar Unicode သည်အဆိုပါ Myanmar 2 ဖောင့်အတွက် တိုက်ရိုက်အသုံးပြုနိုင်သော ကွန်ပျူတာစနစ်တစ်ခုဖြစ်သည်။
ကွန်ပျူတာတွင် မြန်မာစာကို အသုံးပြုသူများအနေဖြင့် အခက်အခဲတွေ့သည်မှာ မြန်မာဖောင့် ပြောင်းသည့်အခါ လက်ကွက်ပြောင်းရိုက်ရသည့် ပြဿနာဖြစ်သည်။ MyMyanmar Unicode System 2009 တွင် မည်သည့် ဖောင့်ပုံစံကို သုံးသည်ဖြစ်စေ လက်ကွက်ပြောင်း ရိုက်ရန်မလိုဘဲ မိမိရိုက်နေကျ လက်ကွက်အတိုင်း စာရိုက်နိုင်ရန် စီမံပေးထားသည်။
ထို့ပြင် မြန်မာလက်ကွက် မသိသူများအတွက် Onscreen keyboard ဖြင့် မောက်စ်ကို အသုးံပြု၍ ရိုက်နှိပ်နိုင်ရန်ကိုပါ စီမံပေးထားသည်။ ၂၀၀၉ခုနှစ်အတွင်း လက်ရေးဖြင့် မှတ်သားနိုင်သော ယူနီကုတ်စနစ်ပါ ထပ်မံထွက်ပေါ်လာမည်ဖြစ်ရာ မြန်မာဘာသာစကားကို တက်ကျွမ်းယုံမျှဖြင့်ပင် ကွန်ပျူတာကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။
ထို့ပြင် Myanmar 2 နှင့်အလားတူ ယူနီကုတ်စံသတ်မှတ်ချက် ၅ ဒသမ ၁ကို လိုက်နာသော မြန်မာဖောင့်များကိုလည်း ထည့်သွင်းပေးထားရာ ရုံးအဖွဲ့အစည်းများ အနေဖြင့် Myanmar 2ဖောင့်တစ်ခုတည်းကိုသာ သုံးနေကြရရာမှ ဖောင့်ပုံစံအမျိုးမျိုး အသုံးပြုရန် လိုအပ်သောနေရာ များအတွက် အဆင်ပြေစေနိုင်မည်ဖြစ်သည်။ MyMyanmar Unicode System 2009 တွင် ဇော်ဂျီယူနီကုတ်စနစ်ကို ထည့်သွင်းပေးထားသည်။ ထို့ကြောင့် ဇော်ဂျီဖောင့်ကို ယူနီကုတ်စနစ်အတိုင်းအပြည့်အ၀ သုံးနိုင်ပြီဖြစ်ရာ ကွန်ပျူတာကို နယ်ပယ်နေရာ အသီးသီးတွင် အသုံးချနေသူများအတွက် ယူနီကုတ်စနစ်ကို အပြည့်အ၀အ သုံးချနိုင်တော့မည် ဖြစ်သည်။ ယခင်ကလို ဆော့ဖ်ဝဲတစ်မျိုးတွင် ဖောင့်တစ်မျိုး သုံးနေရသည့် ပြဿနာများလည်း ကင်းရှင်းသွားမည်ဖြစ်ပြီး မည်သည့်ဆော့ဖ်ဝဲတွင် အသုံးပြုသည်ဖြစ်စေ အဆင်ပြေစွာ အသုံးချနိုင်တော့မည် ဖြစ်သည်။
MyMyanmar Unicode System 2009 နှင့်အတူ ယူနီကုတ်ဖောင့်များဖြစ်သော MyMyanmar font, CE Classic font, M-Myanmar font, Zaw Gyi font များ စုစုပေါင်း ဖောင့် ၁၁ မျိုးကို ထည့်သွင်း ပေးထားသည်။
ထို့ပြင် ကွန်ပျူတာ ပုံနှိပ်ထုတ်ဝေရေးလောကနှင့် ဂရပ်ဖစ်ဒီဇိုင်းလောကတွင် အသုံးပြုနေကြသော ဖောင့်ပုံစံ ၁၀၀ ကျော် ကိုလည်း ယူနီကုတ်ဖောင့်များအဖြစ် ပြောင်းလဲပေးထားပြီး မကြာမီ ဆက်လက်ထုတ်ဝေသွားရန် စီစဉ်လျှက်ရှိသည်။
အလားတူပင် MyMyanmar Unicode System 2009 တွင် ကွန်ပျူတာကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန်အတွက် ကွန်ပျူတာအများစုတွင် အသုံးပြုနေကြသော Windows XP ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်စေရန် တီထွင်ထည့်သွင်း ပေးထားကြောင်း သိရသည်။

Comments (0)
Post a Comment